Review

ရှာရွတ်ခန်း ပါဝင်သရုပ်ဆောင်ထားတဲ့ Don 2: အက်ရှင်နဲ့ ပြည့်စုံတဲ့ ဘောလီးဝုဒ် ဇာတ်ကားကောင်းတစ်ကား
နာမည်ကျော် ဘောလီးဝုဒ် မင်းသားကြီး ရှာရွတ်ခန်းနဲ့ မင်းသမီး ပရီယန်ကာ ချိုပရာတို့ အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ "Don 2" ဟာ ပရိသတ်တွေကို ဆွဲဆောင်နိုင်ခဲ့တဲ့ အက်ရှင်ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။ "Don 1" ရဲ့ အဆက်ဖြစ်တဲ့ ဒီဇာတ်ကားမှာ အခြားသရုပ်ဆောင်များစွာကလည်း အားဖြည့်ပါဝင်ထားပါတယ်။ အက်ရှင်သက်သက်မဟုတ်ဘဲ ဇာတ်လမ်းဇာတ်ကွက်အရပါ ဖမ်းစားနိုင်တာကြောင့် IMDb Rating (7.1/10) ရရှိထားပါတယ်။

Don 2 ၏ နောက်ကွယ်မှ စိတ်ဝင်စားဖွယ်ရာများ
"Don (2006)" Box Office မှာ အောင်မြင်မှု အကြီးအကျယ် ရရှိပြီးနောက် ဒါရိုက်တာ ဖာရန် အက်ခ်သာဟာ ၂၀၀၇ ခုနှစ်မှာပဲ "Don Sequel" ကို ဆက်လက်ရိုက်ကူးမယ်လို့ ကြေညာခဲ့ပါတယ်။ ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ ရှာရွတ်ခန်း ပခုံးဒဏ်ရာ ခွဲစိတ်ကုသမှု ခံယူရတာကြောင့် ရိုက်ကူးရေး နောက်ကျခဲ့ရပါတယ်။ အချိန်ကြန့်ကြာသွားပေမဲ့ (အာဂျွန် ရမ်ပါလ်နဲ့ အီရှာ ကော့ပစ်ကာတို့မှလွဲ၍) မူရင်းသရုပ်ဆောင်အဖွဲ့ဝင်တွေကို ပြန်လည်အသုံးပြုခဲ့ပါတယ်။ လာရာ ဒတ်တာကိုတော့ ရှာရွတ်ခန်းရဲ့ အကြံပြုချက်နဲ့ ထည့်သွင်းအသုံးပြုခဲ့ပြီး ၂၀၁၀ ပြည့်နှစ်မှာ ရိုက်ကူးရေး စတင်နိုင်ခဲ့ပါတယ်။

၂၀၁၀ ပြည့်နှစ်ဟာ ရှာရွတ်ခန်း "My Name Is Khan" ဇာတ်ကားအတွက် ဝိတ်ကျခဲ့ပြီး ခွဲစိတ်မှု ထပ်မံပြုလုပ်ထားရတဲ့အချိန် ဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ်မှာ "Ra One" နဲ့ "Don 2" နှစ်ကားစလုံး ရုံတင်ခဲ့တာကြောင့် "Ra One" အတွက် ရိုဘော့ဝတ်စုံနဲ့ အဆင်ပြေအောင် ဝိတ်ချထားတဲ့ ရှာရွတ်ဟာ "Don" ဇာတ်ရုပ်အတွက် ခွဲစိတ်ဒဏ်ရာတွေနဲ့ပဲ ဝိတ်ပြန်တင်ခဲ့ရပါတယ်။

 
"Don" ဇာတ်ရုပ်ဟာ အာရှ မူးယစ်ဆေးဝါးဈေးကွက်ကို ကျော်လွန်ပြီး ဥရောပ မူးယစ်ဆေးဝါးဈေးကွက်ကိုပါ သိမ်းပိုက်မယ့် ဇာတ်ရုပ်ဖြစ်တာကြောင့် Six-pack abs တွေနဲ့ ကြွက်သားသန်မာတဲ့ အားကစားသမားတစ်ဦးလို ခန္ဓာကိုယ်မျိုးရရှိဖို့ Fitness Trainer Prashant Sawant ရဲ့ လမ်းညွှန်မှုအတိုင်း လေ့ကျင့်ခဲ့ပါတယ်။ High protein diet plan အတိုင်း တစ်နေ့ ကြက်ဥ ဘယ်နှစ်လုံး၊ ကြက်သား ဘယ်နှစ်ကီလို စသည်ဖြင့် စနစ်တကျ စားသောက် လေ့ကျင့်ခဲ့ပါတယ်။

စတန့်များ ကိုယ်တိုင် သရုပ်ဆောင်ခြင်း
အက်ရှင်ဇာတ်ကားတွေရဲ့ ထုံးစံအတိုင်း စတန့်တွေကို လူစားမထိုးဘဲ ရှာရွတ်ခန်း ကိုယ်တိုင် ရိုက်ကူးခဲ့ပါတယ်။ ပေ ၃၀၀ မြင့်တဲ့ Park Inn Hotel အမိုးပေါ်ကနေ Alexander Platz အထိ ခုန်ချတာအပါအဝင် စွန့်စားခန်းတွေကို ကိုယ်တိုင်သရုပ်ဆောင်ခဲ့ပါတယ်။ ဒီဇာတ်ကားရဲ့ အက်ရှင်စတန့်တွေအတွက် ဟောလိဝုဒ်မှ စတန့်နဲ့ တိုက်ကွက်ဒါရိုက်တာ Wolfgang Stegemann နဲ့ လေ့ကျင့် ရိုက်ကူးခဲ့ပါတယ်။ ပရီယန်ကာ ချိုပရာလည်း အက်ရှင်စတန့်တွေမှာ လူစားထိုးတာကို ငြင်းပယ်ခဲ့ပြီး Martial Arts အချို့ကို ၂ လကြာ သင်ကြားပြီးမှ ရိုက်ကူးခဲ့ပါတယ်။

"Don 2" ရိုက်ကွင်းကို ဂျာမနီမှာ တည်ဖို့ ရှာရွတ်ခန်းဟာ "Berlin International Film Festival" မှာ သူ့ရဲ့ဇာတ်ကား "My Name Is Khan" ပြသကတည်းက သူ့ရဲ့ပရိသတ်အားကို သိရှိခဲ့လို့ ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ ရိုက်ကူးရေးအတွက် ၇၀ ကျော်သော "Don 2" အဖွဲ့ဝင်တွေဟာ ၂ ပတ်ကြိုတင်ပြီး ဂျာမနီမှာ ရိုက်ကွင်းတွေ ပြင်ဆင်နေကတည်းက ဂျာမနီအစိုးရဟာ သူတို့ရဲ့ တရားဝင် website တွေကနေတစ်ဆင့် ရှာရွတ်ခန်း ဇာတ်ကား ရိုက်ကူးတော့မယ့်အကြောင်း ကြေညာခဲ့ပါတယ်။

တကယ်ရိုက်ကူးတဲ့အခါမှာ Bradenburg Gate, Alexander Platz, French Cathedral, East Gate အပါအဝင် ဂျာမနီရဲ့ အရေးကြီးတဲ့လမ်းမတွေကို ၃ ပတ်ကြာ ရိုက်ကူးရေးအတွက် အနှောင့်အယှက်မဖြစ်ရအောင် ပိတ်ပေးခဲ့ပါတယ်။ ဒါမျိုးကို ဟောလိဝုဒ် ဇာတ်ကားတွေ လာရိုက်တုန်းကတောင် မလုပ်ပေးခဲ့ဖူးဘူးလို့ ဆိုကြပါတယ်။ ဂျာမနီအစိုးရဟာ "Don 2" ကို ရှာရွတ်ခန်း ဂျာမနီမှာ လာရောက်ရိုက်ကူးပေးလို့ ထုတ်လုပ်ရေးကို ယူရို ၃ သန်း ပေးခဲ့ပါတယ်။ (SRK Magic)
ပရီယန်ကာ ရှာရွတ်ခန်းကို ကားနဲ့ လိုက်တဲ့အခန်းမှာ ကားပေါင်း ၆၇ စီး အသုံးပြုခဲ့ပြီး ၎င်းကားအားလုံးဟာ ကိုရီးယားမှ ဂျာမနီကို ပို့လိုက်တဲ့ Hyundai ကားများ ဖြစ်ကြပါတယ်။ (ရှာရွတ်ခန်းဟာ Hyundai Brand Ambassador ဖြစ်ပါတယ်) ဒီအခန်းမှာ ရှာရွတ်ခန်းကားဟာ ကင်မရာကို ဝင်တိုက်မိသွားတာမို့ ရှာရွတ်ခန်းက အက်ရှင်အဖွဲ့ကို ချက်ချင်း တောင်းပန်ခဲ့ပြီး ပြင်ဆင်စရိတ်ကို ကုန်ကျခံပေးခဲ့ပါတယ်။


ဂျာမနီဟာ အများပြည်သူနေရာမှာ ဆေးလိပ်သောက်ခြင်းကို ပြင်းပြင်းထန်ထန် တားမြစ်တဲ့နိုင်ငံ ဖြစ်ပေမဲ့ ဂျာမနီမှာ ရှာရွတ်ခန်းရဲ့ ရေပန်းစားမှု ကြီးတာကြောင့် ဟိုတယ်မှာ ဆေးလိပ်သောက်ခန်း အချို့ကို ခွင့်ပြုပေးခဲ့ပါတယ်။ ဒါပေမဲ့ အိန္ဒိယ ကျန်းမာရေးဝန်ကြီးဌာနနဲ့ ငြိစွန်းမှု ရှိခဲ့ပါတယ်။ ဆေးလိပ်သောက်ပြကွက်တွေက ပရိုမိုးရှင်း လုပ်နေသလို ဖြစ်နေတာကြောင့် မှင်စက်တို့ ပါဝင်ပါတယ်။ ဒါရိုက်တာ ဖာရန် အက်ခ်သာနဲ့ ဆစ်ဒ်ဝါနီတို့က ဇာတ်ကောင်ကို မှန်တယ်လို့ ပြသမှာ မဟုတ်တာကြောင့် ခွင့်ပြုပေးဖို့ မနည်း တောင်းဆိုခဲ့ရပါတယ်။
ထို့နောက် မလေးရှား Malacca Prison မှာ လုံခြုံရေး မြှင့်တင်ထားတဲ့ ထောင်ခန်းတစ်ခုမှာ ထောင်သားအချို့နဲ့ ရိုက်ကူးခဲ့ပါတယ်။


ရိုက်ကူးရေးပြီးစီးချိန်မှာတော့ ထုတ်လုပ်ရေးဘက်က ပရိုမိုးရှင်းတွေ စတင်ခဲ့ပါတယ်။ ဇာတ်ကားမှ ရှာရွတ်ခန်းရဲ့ ဒိုင်ယာလော့ဂ် အလန်းအချို့ကို ဆိုရှယ်မီဒီယာ၊ TV, Radio တွေကနေ စတင် လွှင့်ခဲ့ပါတယ်။ "SRK - Don 2" အရုပ်တွေကို အကန့်အသတ်နဲ့ ထုတ်လုပ်ရောင်းချပြီး ပရိုမိုးရှင်းလုပ်ခဲ့ပြန်ပါတယ်။ ၂၀၁၁ ခုနှစ် အောက်တိုဘာလမှာ "Don 2: Comic Book; The Origin" (ကာတွန်းရုပ်ပြစာအုပ်) ထုတ်ဝေပြီး ပရိုမိုးရှင်းလုပ်ခဲ့ပြန်ပါတယ်။

တစ်ဖန် ထုတ်လုပ်ရေး "Excel Entertainment" က အိန္ဒိယရဲ့ အကြီးဆုံး Video Game Company ဖြစ်တဲ့ "Gameshastra" နဲ့ ပူးပေါင်းပြီး "Don – The Social Mobsters Game" ကို Launch လုပ်ခဲ့ပါတယ်။ ဒါဟာ အိန္ဒိယရုပ်ရှင်တစ်ခု Four Platforms မှာ ပရိုမိုးရှင်းလုပ်တဲ့ ပထမဆုံး ဇာတ်ကားဖြစ်ခဲ့ပါတယ်။ ထို့နောက် အိန္ဒိယ မြို့ပေါင်းစုံ "Multi-City Tour Promotion" ကို တစ်မြို့ဝင် တစ်မြို့ထွက် လုပ်ခဲ့ပါတယ်။ များပြားလှတဲ့ SRK ပရိသတ်တွေကြောင့် Security အနေနဲ့ ထိန်းမနိုင်သိမ်းမရ ဖြစ်ခဲ့ရပါတယ်။
သီချင်းအယ်လ်ဘမ် ထွက်လာတော့ Mix reviews တွေ ရရှိခဲ့ပါတယ်။ T-Series က Music Album Right ကို ဝယ်ယူခဲ့ပါတယ်။


"Don 2" ဟာ 2D အနေနဲ့ရော 3D အနေနဲ့ပါ ပြသခဲ့တဲ့ ဇာတ်ကားဖြစ်ပါတယ်။ 3D ကို "Avatar" နဲ့ "Sanctum" တို့ရဲ့ S-3D innovator Chuck Comisky ကို အပ်နှံခဲ့ပါတယ်။ Jason West က "Director of Photography" အဖြစ် လုပ်ဆောင်ခဲ့ပြီး VFX ကို Pixion Studios က လုပ်ဆောင်ပေးခဲ့ပါတယ်။ ဖြန့်ချိရေး Reliance Entertainment က Excel Entertainment မှ ဝယ်ယူခဲ့ပြီး Zee Entertainment Enterprise က Satellite Rights တွေ ဝယ်ယူခဲ့ပါတယ်။

ဒီဇာတ်ကားကို "Dubai International Film Festival" မှာ အကြိုပြသခဲ့ပြီးနောက် "McDonald's" နဲ့ "Cafe Coffee Day" တို့နဲ့ လက်တွဲပြီး မြို့ပေါင်း ၂၀ ရှိ ၎င်းကဖေးစတိုးတွေရှိ ကွန်ပျူတာတွေမှာ Wi-Fi free ပေးပြီး ဒီဇာတ်ကားကို 3D နဲ့ ခံစားခွင့်ရစေခဲ့ပါတယ်။


ဇာတ်ကားရုံတင်တော့ အိန္ဒိယ ဝေဖန်ရေးဆရာတွေရော နိုင်ငံတကာ ဝေဖန်ရေးဆရာတွေဆီကပါ ချီးကျူးမှုတွေ ရခဲ့ပြီး IMDb Rating - 7.1၊ Rotten Tomatoes - 69% ရရှိခဲ့ပါတယ်။ "Highest Grossing Indian Film Of All Time List" ထဲက တစ်ကားအပါအဝင် ဖြစ်ခဲ့ပြီး အဲ့ဒီနှစ်အတွက်တော့ "3rd Highest Grossing Indian Film" ဖြစ်ခဲ့ပါတယ်။ ဘတ်ဂျက် ရူပီ ၈၅ ကုဋေ ကုန်ကျခဲ့ပြီး ရူပီ ၂၇၅.၉၇ ကုဋေ ပြန်ရခဲ့ပါတယ်။

"Excel Entertainment" နဲ့ "Red Chillies Entertainment" တို့ လက်တွဲခဲ့တဲ့ "Don 2" ဟာ ၉ နှစ်ပြည့်ခဲ့ပါပြီ။

နောက်ဆုံးအခန်းလေးမှာ SRK နဲ့ Lara တို့နှစ်ယောက်ဆုံကြတဲ့အခန်းမှာ စီးလာတဲ့ SRK Bike ရဲ့ နံပါတ်ပြားမှာ "Don 3" လို့ရေးထားတာ သတိထားမိကြလား?
Download ဆွဲမယ်ဆိုရင် တစ်ချို့ Download Link တွေက VPN ချိတ်ဖို့လိုပါတယ်